သွေးအားနည်းရောဂါဟာ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သလား
သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်စေ၊ သွေးနီဆဲလ် အလုံအလောက်မရှိတာကြောင့် သွေးအားနည်းတာ၊ သွေးအားနည်းရောဂါ ဖြစ်လာတဲ့အခါ သွေးတွင်း အောက်စီဂျင်ပမာဏကို လျော့ကျစေပါတယ်။
အောက်စီဂျင်ဟာ လူတစ်ယောက်ရဲ့ အသက်ရှူစနစ်ကို ထောက်ပံ့ပေးရုံတင်မက ခန္ဓာကိုယ်နဲ့ ကိုယ်တွင်းအင်္ဂါတွေကို ကောင်းစွာအလုပ်လုပ်နိုင်စေဖို့ ကူညီပေးပါတယ်။
သွေးအားနည်းရောဂါသည် အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး ဖြစ်ပွားနိုင်တယ်ဆိုပေမယ့်
- အာဟာရဓာတ်ချို့တဲ့သူတွေ
- အစာအိမ်၊ အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာရှိသူတွေ
- နာတာရှည်ရောဂါရှိသူတွေ
- မိသားစုမှာ ရောဂါရာဇဝင်ရှိသူတွေ
- အသက် (၆၅) နှစ်အထက် ရှိသူတွေ
- အရက်ကို အလွန်အကျွံသောက်သုံးသူတွေ
- သံဓာတ်ချို့တဲ့သူတွေ
- ကိုယ်ဝန်ဆောင်စဉ်၊ ရာသီလာနေစဉ်မှာ ရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။
ဒီအတွက် ခန္ဓာကိုယ်က လိုအပ်တဲ့ အောက်စီဂျင်ပမာဏကို မရရှိတဲ့အခါ နောက်ဆက်တွဲပြဿနာတွေအနေနဲ့ -
- အားအင်ကုန်ခမ်းပြီး မောပန်းလာတယ်
- ခေါင်းကိုက်ဝေဒနာကို မကြာခဏခံစားရတယ်
- ဦးနှောက်ရဲ့ တွေးခေါ်နိုင်မှုစွမ်းရည်ကို ထိခိုက်ကျဆင်းစေတယ်
- အာရုံစူးစိုက်မှု အားလျော့လာတယ်
- စိတ်ဆတ်ဒေါသဖြစ်လွယ်လာတယ်
- အစာစားချင်စိတ် လျော့နည်းလာတယ်
- ခြေလက်တွေ ထုံကျဉ်လာမယ်
- ပါးစပ်တွေ Ulcer အနာတွေ ပေါက်လာမယ်
- လိင်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာမယ်
- ပုံမှန်မဟုတ်တဲ့ ရာသီစက်ဝန်းအခြေအနေတွေကို ကြုံလာရနိုင်ပါတယ်။
ဒီအတွက် သွေးအားနည်းရောဂါဟာ ကျား၊ မ အသက်အရွယ်မရွေး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ လိင်မှုဘဝကို ထိခိုက်လာစေနိုင်တယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်လို့ရပါတယ်။ သူတို့နှစ်မျိုးရဲ့ ဆက်စပ်ပုံကို သုံးသပ်ရမယ်ဆိုရင် -
၁။ သွေးအားနည်းရောဂါရှိသူတွေဟာ တခြားသူတွေထက် သွေးနီဆဲလ်ပမာဏ အလွန်နည်းတဲ့အတွက် ခန္ဓာကိုယ်တွင်း အောက်စီဂျင်သယ်ပို့မှုနည်းသွားတာကြောင့် ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်နိုင်မှု ကျဆင်းတယ်။ ဒီအခါ မောပန်းနွမ်းနယ်မှု၊ အားအင်လျော့နည်းလာမှုတွေကြောင့် လိင်ဆက်ဆံတဲ့အခါ အားအင်စိုက်ထုတ်နိုင်မှုကို ထိခိုက်လာစေနိုင်ပါတယ်။
၂။ အမျိုးသားတွေရဲ့ လိင်တံထောင်မတ်နိုင်ဖို့ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်စနစ်က အားကောင်းနေဖို့ လိုအပ်ပါတယ်။ သွေးအားနည်းရောဂါဟာ သွေးလည်ပတ်စနစ်ကို အားလျော့စေတဲ့အတွက် အမျိုးသားတွေမှာ လိင်တံထောင်မတ်မှု အားလျော့တာ၊ ကြာကြာမထောင်မတ်နိုင်ဘဲ ခဏလေးနဲ့ ညှိုးကျသွားတာတွေအပြင် အရွယ်မတိုင်ခင် ပန်းသေပန်းညှိုးရောဂါ (Erectile Dysfunction) ကိုလည်း ဖြစ်လာစေနိုင်ပါတယ်။
၃။ လူတစ်ယောက်ရဲ့ ဦးနှောက်အာရုံကြောစနစ် အားနည်းပြီး အာရုံစူးစိုက်မှုတွေ ကျဆင်းလာတဲ့အခါ လိင်စိတ်ဆန္ဒကိုပါ လျော့နည်းလာစေတယ်။ ဒါ့အပြင် လိင်ဆက်ဆံနေစဉ်မှာလည်း အာရုံတွေထွေပြားနေတဲ့အတွက် လိင်စိတ်ပါဝင်မှုပါ ကျဆင်းလာနိုင်ပါတယ်။
၄။ သွေးအားနည်းရောဂါရှိတဲ့ အမျိုးသမီးတွေမှာ ရာသီစက်ဝန်းပုံမှန်မဟုတ်တာ၊ သွေးဆင်းတဲ့ပမာဏ များလွန်းတာတွေကြောင့် လိင်စိတ်ဆန္ဒ ကျဆင်းနိုင်သလို လိင်ဆက်ဆံတဲ့အခါမှာလည်း စိတ်သွားတိုင်း ကိုယ်မပါတဲ့အတွက် နာကျင်မှုဝေဒနာကို ပိုမိုခံစားရစေနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်မှာသွေးအားနည်းရောဂါရှိတယ်၊ ဒါမှမဟုတ် သွေးအားနည်းပြဿနာကြောင့် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ထိခိုက်အားလျော့နေတယ်လို့ သံသယရှိတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။ သွေးအားနည်းရောဂါဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ရုံတင်မကဘဲ အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်တဲ့အတွက် လုံးဝမပေါ့ဆသင့်ပါဘူး။
ရဲမျိုးမြတ်